ချင်းမိုင်။ ။ နာမည်ကြီး အဆိုတော် ဆုန်သင်းပါနှင့် အဝေးရောက် မြန်မာတိုင်းရင်းသား လူငယ်များက မြန်မာပြည်တွင်းရှိ လေဘေးဒုက္ခသင့် ပြည်သူများအတွက် ရန်ပုံငွေ ရှာဖွေသည့် အနေဖြင့် ယခုလ ၂၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဂီတဖျော်ဖြေပွဲ ကျင်းပသွားမည် ဖြစ်သည်။‘နာဂစ်ဘေး အလှူငွေ ဂီတပွဲ’ ဟု အမည်ပေးထားသည့် အဆိုပါ ဖျော်ဖြေပွဲကို ထိုင်းနိုင်ငံရောက် ဂီတဝါသနာရှင် တိုင်းရင်းသား လူငယ်များက ဦးဆောင်ပြီး အဆိုတော် ဆုန်သင်းပါယ်နှင့်အတူ သီဆိုဖျော်ဖြေကာ ရန်ပုံငွေ ရှာဖွေသွားမည့် အစီအစဉ် ဖြစ်သည်။“မြန်မာနိုင်ငံမှာ မေလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာ ဖြစ်သွားတဲ့ နာဂစ် မုန်တိုင်းဒဏ်ခံရတဲ့ ဒုက္ခသည် ၂ သန်းကျော်နဲ့ အသက်ဆုံးရှုံးရသူတွေအတွက် ကျနော်တို့ မြန်မာပြည်သားတွေ အနေနဲ့လည်း ကိုယ်ရောက်တဲ့ နေရာတွေကနေ ကိုယ့်နိုင်ငံသားတွေအတွက် လက်တကမ်းစာ အနေနဲ့ မေတ္တာပြသင့်တယ်ဆိုတဲ့ အနေနဲ့ လုပ်ရတာပါ” ဟု ပွဲဖြစ်မြောက်ရေး တာဝန်ရှိသူတဦးဖြစ်သူ ကချင်လူငယ် ကိုဒီးရမ်က မဇ္ဈိမကို ပြောသည်။ “ကျနော်တို့က လေဘေးကြောင့် ဒုက္ခရောက်နေတဲ့ သူတွေကို Concert လုပ်ပြီးတော့ ရသမျှ ရန်ပုံငွေတွေကို ကူညီိဖို့ ကြိုးစားနေတာပါ။ ဆုန်သင်းပါကိုလည်း ကျနော်တို့ အကူအညီ တောင်းကြည့်တော့ ကူညီချင်တယ်လို့ ပြောတယ်။ ကျနော်တို့လည်း အတတ်နိုင်ဆုံး လုပ်ကြမယ်။ ကျနော်တို့ လူငယ်တွေ အနေနဲ့ တတ်နိုင်တဲ့ ဘက်ကနေ ကူညီဖို့ပါ” ဟု ပွဲဖြစ်မြောက်ရေး အဖွဲ့မှ ရှမ်းလူငယ် ကိုစိုင်းခေးဆိုင်က ပြောသည်။ အဆိုတော် ဆုန်သင်းပါသည် ပြီးခဲ့သည့် ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလကလည်း ချင်းမိုင်မြို့သို့ ရောက်ရှိလာကာ ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းများတွင် သီဆို ဖျော်ဖြေခဲ့သေးသည်။ သီဆိုဖျော်ဖြေရေး အစီအစဉ်ကို ယခုလ ၂၄ ရက် စနေနေ့ နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ ပထမပွဲနှင့် ညနေ ၆ နာရီမှ ည ၁ဝ နာရီအတွင်း ဒုတိယပွဲအဖြစ် ကျင်းပသွားမည်။ ချင်းလူငယ် ကိုဘွိုင်းက “လက်မှတ်တစောင် အနည်းဆုံး ဘတ် ၅ဝ ပေါ့နော်။ ဒါပေမဲ့ ပိုထည့်နိုင်တဲ့ သူတွေကတော့ ပိုထည့်ပေါ့နော်။ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းထဲက လေဘေး ဒုက္ခသည်တွေအတွက် ရန်ပုံငွေ ရှာတာပါပဲ” ဟု ပြောသည်။ယခုလ ၂-၃ ရက်နေ့တွင် တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းတွင် သေဆုံးသူ စာရင်းများတွင် ဝန်ထမ်း ၁၅၉ ဦး အပါအဝင် ၇၇၇၃၈ ဦး၊ ပျောက်ဆုံးသူ ၅၅၉၁၇ ဦးနှင့် ဒဏ်ရာရရှိသူ ၁၉၃၅၉ ဦးရှိကြောင်း ယခုလ ၁၆ ရက်နေ့ထုတ် စစ်အစိုးရ၏ မြန်မာ့အလင်း သတင်းစာတွင် နောက်ဆုံး ဖော်ပြထားသည်။ သို့သော် အကူအညီပေးရေး လုပ်သားများနှင့် ကုလသမဂ္ဂ အေဂျင်စီများက မုန်တိုင်းကြောင့် သေဆုံးသူ ၁ သိန်းကျော် ရှိနိုင်သည်ဟု ခန့်မှန်း ပြောဆိုကြသည်။ “ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာပြည်သားတွေ အနေနဲ့ အလှူငွေ ဆိုတာကတော့ သူတပါး လှူတာထက်စာရင် ငွေအားဖြင့် နဲနဲ မပြောစလောက် ဖြစ်ရင် ဖြစ်မယ်။ ဒါပေမဲ့ ကျနော်တို့ နိုင်ငံသားတွေ ထိခိုက် ပျက်စီးရတဲ့ပေါ်မှာ အချင်းချင်း မေတ္တာပြဖို့ လိုတယ်ဆိုတဲ့ဟာလေး ပြောချင်တယ်။ ဒါကြောင့် တတ်နိုင်သလောက် ဝိုင်းဝန်းပြီးတော့ အလှူငွေ ထည့်ကြပါလို့ ပြောချင်ပါတယ်ခင်ဗျာ” ဟု ကိုဒီးရမ်က ပြောသည်။
mizzimaburmese news
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment